အသည်းခြောက်စေမယ့် အလေ့အထတွေ ကိုယ့်မှာများ ရှိနေလား
အသည်းဆိုတာက ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်သလို မနားမနေ လုပ်ဆောင်နေရတဲ့ အစိတ်အပိုင်းလေးပေါ့။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အသည်းမှာ အသည်းရောင် တာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ အသည်းမှာ ဖြစ်တတ်တဲ့ အသည်းခြောက်ရောဂါ ဖြစ်စေနိုင်တဲ့ အလေ့အထတွေများ လုပ်မိနေလားဆိုတာကို ပြောပြပေးသွားပါမယ်။
အရက်တွေ အလွန်အကျွံ သောက်တာ၊ ပိုးဝင်ကူးစက်တာတွေကြောင့် အသည်းမှာ အသည်းခြောက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အသည်းခြောက်တာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။
- အသည်းခြောက်နေပြီဆိုရင်တော့ - အသည်းရောင်တာမျိုး ခံစားရနိုင်သလို တစ်ခါတလေမှာ အသည်းခြောက် တာက လက္ခဏာ မပြတာမျိုးလည်း ရှိတတ်ပါတယ်။
- အသည်းခြောက်နေပြီဆိုရင်တော့ - ခြေကုန် လက်ပမ်းကျတာ၊ သွေးထွက်လွယ်တာ၊ သွေးမတိတ်တာ၊ အစားစားချင်စိတ် မရှိတာ၊ ခြေလက်တွေ ဖောရောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဝိတ်ကျတာမျိုး၊ အသားယားတာ၊ မျက်ဖြူသားနဲ့ အသားတွေ ဝါတာမျိုး ခံစားရနိုင်ပါတယ်။
သတိထားသင့်တဲ့ အသည်းခြောက်စေနိုင်တဲ့ အလေ့အထများ
အသည်းခြောက်စေနိုင်တဲ့ အလေ့အထတွေက တော်တော်လေးတော့ များပါတယ်။ ဒါတွေကတော့ -
- အရက်အလွန်အကျွံ သောက်တာ
အရက်တွေကို အများကြီး သောက်တာ၊ အလွန်အကျွံသောက်တာတွေက အသည်းကို ထိခိုက်စေပြီး အဆိုးဆုံး အနေနဲ့ အသည်းခြောက်တာကို ခံစားရနိုင်ပါတယ်။
- အသည်းရောင်ပိုး ကူးစက်ခံထားရတာ
အသည်းရောင် အသားဝါ ပိုးတွေ ဖြစ်ကြတဲ့ အေ၊ ဘီ၊ စီ ပိုးတွေ ကူးစက်ခံထားရတာက ရေရှည်မှာ အသည်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။
- အသည်း အဆီဖုံးတာ
အရက်ကြောင့် မဟုတ်ဘဲ အသည်း အဆီဖုံးတာကလည်း အသည်းခြောက်စေနိုင်ပါတယ်။
- သံဓာတ်လွန်ကဲတာ
သံဓာတ် အားဆေးတွေ အလွန်အကျွံ သောက်တာ၊ သံဓာတ် များတဲ့ အစားအစာတွေကို အလွန်အကျွံစားတာက ကိုယ်တွင်းမှာ သံဓာတ်တွေ စုပုံလာပြီး သံဓာတ်လွန်ကဲမှုကြောင့် အသည်းခြောက်တာကို ခံစားရနိုင်ပါတယ်။
- အဝလွန်နေတာ
အဝလွန်နေတာကလည်း အသည်းမှာ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပြီး အသည်းခြောက်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အသည်းခြောက်တာကို ကာကွယ်ချင်တယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းပါ။
ဒီအချက်တွေက အသည်းခြောက်တာကို ဖြစ်စေနိုင်တာကြောင့် သတိထားဆင်ခြင်ဖို့ လိုပါမယ်။
မွန်မွန်